နတ်တို့ပေးသောအစွမ်းထက်ဂါထာသုံးပုဒ်ပိုင်ရှင်သမိန်ထောရာမနှင့်ဘုရင့်နောင်

နတ်တို့ပေးသောအစွမ်းထက်ဂါထာသုံးပုဒ်ပိုင်ရှင်သမိန်ထောရာမနှင့်ဘုရင့်နောင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အေဒီ (၁၅၅၀ )ဧပြီလ ၃၀ တွင် ဟံသာ၀တီဘုရင် တပင်ရွှေထီး ကို သမိန်စောထွတ် လုပ်ကြံခဲ့သည်။ ထိုအချိန်တွင် ဘုရင့်နောင်သည် တာ၀န်ဖြင့် ဒလ သို့ စစ်တပ်နှင့်တကွ ရောက်ရှိနေချိန် ဖြစ်သည်။

ထို့နောက် သမိန်စောထွတ်သည် ဟံသာ၀တီတွင် သမိန်စက္ကဝေါ ဟူသော ဘွဲ့ကို ခံယူကာ နန်းတက်သည်။

သို့သော် များမကြာမီကာလတွင် ဟံသာ၀တီမင်းမျိုးမင်းဆက် မှန်သော ဗညားရမ်းမင်း၏ သားတော် ဘုန်းကြီးလူထွက် သမိန်ထောရာမကိုမှူးမတ်ဗိုလ်ပါများက နန်းတင်ပေးကာ သမိန်စက္ကဝေါ ကို ဖြုတ်ချခဲ့သည်။

အမှန်စင်စစ် သမိန်ထောသည် ဗညားရမ်းမင်း၏ မိဖုရားငယ်တစ်ပါးမှ မြင်သောသား သာဖြစ်ပါသည်။ဤသို့ဖြင့် ဟံသာ၀တီရာဇပလ္လင် ကို သမိန်ထောရာမ ရရှိကာ အုပ်ချုပ်နိုင်ခဲ့သည်။

တချို့သောသမိုင်းဒဏ္ဍရီအလိုအရသမိန်ထောရာမသည်
နတ်တို့ပေးထားသောအစွမ်းထက်ဂါထာဖြင့်မည်သည့်အနာဒါဏ်ရာကိုမဆိုရေဖြင့်မန်းမှုတ်ယုံဖြင့်ချက်ခြင်းပျောက်ကင်းသူအဖြစ်အစွမ်းရှိသည်ဟုဆိုကြသည်။

သက္ကရာဇ် (၉၉၁ )ခုတွင် ဗညားရမ်းမင်း၏ အိမ်နိမ့်တွင် မြင်သော သမိန်ထောရာမ သည် အဖ မရှိသည့်နောက် လှည့်လည်သွားလာနေရာမှ ရှင်ပြု ၊ နောက် ရဟန်းခံ လေသည်။

တစ်ည၌ ညောင်ပင်တစ်ပင်အောက်တွင် ပရိမေတ္တာ စီးဖြန်းနေစဉ် ရုက္ခစိုးနတ် ဆင်းလာ၍ ” ဟံသာဝတီ တွင် မင်းပြုလိုလျှင် သီလကို စင်ကြယ်စွာ ထိန်းလေ ” ဟု ဆိုလာသည် ဆိုသည်။

ထိုအခါကစ၍ သီလကို စင်ကြယ်စွာ စောင့်ထိန်းလေသည်။နောက်နှစ်လ သုံးလခန့်ကြာသော် အိပ်မက်သည်ကား မြစ်နားသို့သွားလျှင် မိကျောင်း ပေါ်လိမ့်မည် ။၎င်းမိချောင်းစီး၍ အနောက်ဘက်ကို ကူးလျှင် ကညင်ပင် တစ်ပင်ထက်က ဥဒေါင်း ကြော်လိမ့်မည် ။

ထိုသစ်ပင်ကို စင်ရော် ဝဲလိမ့်မည်၊ ထိုအပင်၏ အရှေ့ တစ်တောင်ကွာတွင် အနက် သုံးတောင်တူးလျှင် ရွှေပေနှင့် ရေးလျက် သုံးပုဒ်သောဂါထာ ရှိသည်။

– ပထမ ဂါထာ အကျိုးကား ရှိန်းဆာယာ ကိုယ်ပြောင်း ကိုယ်ခွာ ရနိုင်သည်။

– ဒုတိယ ဂါထာမှာ ဓား ၊ လှံ ၊ သေနတ် ၊ တုတ် စသည် ပြီးသည်။

– တတိယ ဂါထာမှာ ခြေကျိုး ၊ လက်ကျိုး ၊ ဓား ၊ လှံ၊ဒါဏ်ရာများကို ရေမန်း၍ သောက်လျှင် ပြကတေ့ (အကောင်းတိုင်း)ပျေက်ကင်းနိုင်သည်။

– ၎င်းပြင် စပါး ၊ ပြောင်း ၊ ပဲ ၊ ဘူး ၊ ဖရုံ စသည် စိုက်ပျိုးရာ၌ ဂါထာရွတ်၍ရေကိုမန်း၍ ပက်လျှင် ဆယ်ဆ ဆယ်ပြန်တိုး၍ သီးပွင့်သည်။

– ထိုဂါထာများကို နေ့ချင်း ညချင်းရအောင် ကျက်ပြီးလျှင် မြှုပ်မြဲ ပြန်မြှုပ်ထား ခဲ့ရမည်ဟုမြင်မက်လေ၏။

အိပ်မက်အရသွားရာ မိကျောင်းပေါ်လျှင် ပထမအကြိမ်တွေဝေချင့်ချိန်နေ၍ မစီးဖြစ်။

ဒုတိယအကြိမ် စီးမည်ပြုစဉ် စိတ်ပေါ့သွပ်သော ရဟန်း မိကျောင်း စီးမည်ထင်၍ လူသုံးယောက် ဝိုင်းဆွဲတားသောကြောင့် မစီးဖြစ်။

တတိယအကြိမ်မှ အရဲစွန့်၍ စီးဖြစ်သည်။အနောက်ဘက်ကမ်း၌ အိပ်မက်အတိုင်း တွေ့ရှိ၏။ ဂါထာသုံးပုဒ်ကို ကျက်မှတ်၍ ရွှေပေကို ပြန်မြှုပ်ပြီးလျှင် ထိုမိကျောင်းကိုပင် စီး၍ ပြန်ကူးခဲ့ရာ မြစ်လယ်၌ လေကြီးမိုးကြီးကျ၍ တစ်မြစ်လုံး မှောင်မိုက်ခဲ့လေ၏။

ထိုအခါ စိတ်၌တုန်လှုပ်ခြင်း ပြင်းစွာဖြစ်၍ ပထမ ၊ ဒုတိယ ဂါထာ နှစ်ပုဒ်ကို မေ့လေတော့သည်။ တတိယ ဂါထာကိုသာ မှတ်မိလေတော့သည်။သမိန်ထောရာမသည်အလွန်ဇွဲသတ္တိကောင်းလှသူအဖြစ်လည်းကျော်ကြားလှသည်။

 

ထိုသို့ ဟံသာ၀တီတွင် အချင်းများနေကြစဉ်တွင် ဘုရင့်နောင်သည် တပင်ရွှေထီး နတ်ရွာစံပြီးကတည်းက အကွဲကွဲအပြားပြား ဖြစ်သွားသော ပြည်၊တောင်ငူ၊အင်း၀ တို့ကို ပင်ပန်းကြီးစွာ သွားရောက်တိုက်ခိုက်ကာ စုစည်းနေရသည်။

များမကြာမီတွင် ဘုရင့်နောင်၏ တပ်မတော်ကြီးသည် ဟံသာ၀တီ နေပြည်တော်ဘက်သို့ စစ်ဦးလှည့်လာခဲ့သည်။သမိန်ထောရာမ သည် ဘုရင့်နောင်ကို မကြောက်မရွံဘဲ သူ၏ ဟံသာ၀တီတပ် နှင့်တကွ ပြန်လည် တွန်းလှန်ရန် ပြင်ဆင်ခဲ့သည်။

သမိန်စက္ကဝေါကို အနိုင်ယူသကဲ့သို့ ဘုရင့်နောင်ကိုလည်း အောင် မြင်မည်ဟု ယုံကြည်ကာ သွေးကြွလျက်ရှိသည်။ဘုရင့်နောင်လည်း ဥပေါသထဆင်ကိုစီးကာ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်နေစဉ် ကုန်းလယ်စီး စတုရင်္ဂသူက ” မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာ၀တီမြို့ကို မီးတိုက်လျှင် ဟံသာဝတီစစ်သည်တို့ စိတ်ဓါတ်ကျမည်။

ထိုသို့စိတ်ဓါတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည် “ဟုလျှောက်တင်သဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာ၀တီကို မီးတိုက်ရန်စေလွတ်သည်။ ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာစိတ်ဓါတ်ကျလေတော့သည်။

သမိန်ထောရာမလည်း ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာလေသည်။ဘုရင့်နောင်လည်း ဆင်တော် ဥပေါသထ ပေါ်မှအသင့်စောင့်ပြီး ရွှေပြားခတ်အင်းပြားကို ဆင်ဦးကင်းတွင် တင်ကာ ရေခရားဖြင့် မြေကိုလောင်းပြီး သစ္စာဆိုလေသည်။။

ထိုစဉ် ရုတ်တရက် လက်ထဲမှ ရေခရားလွတ်ကျကာ မြေသို့ခ လေ၏။ ဘုရင့်နောင် လည်း စိတ်တော် ငြိုငြင်ကာ မျက်နှာပျက်လေ၏။ထိုအခါ (သမိန်မရူ )မည်သော မွန်အမတ်က မင်းကြီးအနီးသို့ ဆင်ဖြင့်ကပ်လာပြီး လက်အုပ်ချီကာ

” ယခုပင် တိုက်တော်မူလော့ မင်းကြီး၊ သမိန်ထော ကို အောင်မြင်ကာ ရေ နှင့် မြေ ကို အစိုးရ မည့် နိမိတ်ဖြစ်ပါသည်။” ဟုလျှောက်တင်လေ၏။

သမိန်ထောရာမ သည် ဘုရင့်နောင်၏ ညီတော်များ ဆီးကြို၍ တိုက်သည်ကို လက်မခံဘဲ ဘုရင့်နောင် ဆီသို့သာ လှံရှည်ကို ၀င့်၍ တရွေ့ရွေ့ ဦးတည်လာလေသည်။

ဘုရင့်နောင် နှင့် သမိန်ထောရာမ တို့ စီးချင်းတွေ့သည့် အချိန်တွင် ရုတ်တရက် ကောင်းကင်တစ်ခုလုံး မိုးသားများဖြင့် မည်းမှောင်လာကာ စီးချင်းထိုးမည့် နေရာသို့သာ နေရောင်ဖြာလျက် ရှိသည် ဆို၏။

သူတို့၏ ဦးခေါင်းများ အပေါ်၌ လည်း ငှက်များစွာတို့သည် အသံကုန် အော်ဟစ်ကာ လူးလားခေါက်တုံ့ ပျံသန်းနေကြသည်ဟု လည်း မှတ်တမ်းများက ဆိုသည်။

ထိုသို့ တိုက်ကြစဉ် ဥပေါသထဆင်၏ အစွယ်သည် ချစ်ချင်းကိုယ်ထဲသို့ စွယ်လုံးကျွံအောင်ထိုးမိသဖြင့် ချစ်ချင်းဆင်ပြိုလဲပြီး ဘုရင့်နောင်က ချွန်းဖြင့်ရိုက်ရာသမိန်ထောရာမ လည်းကျောတွင် ဒဏ်ရာကြီးစွာရသည်။

ဥပေါသထဆင်လည်း အစွယ်ကျိုးသည်။အစွယ် ကျိုးသည်ကို ဒဏ်ရာပြင်းစွာ ရသည် အထင်ဖြင့်သမိန်ထောရာမ၏ အမတ် သမိန်ဇိပ်ဗြဲလည်း စွယ်လမန်ဆင်ဖြင့် ဘုရင့်နောင်ကို နောက်မှ နေ၍ အလစ်၀င်တိုက်သည်။

ဥပေါသထ ဆင်ပြန်လှည့်တိုက်သဖြင့် စွယ်လမန် ဆင်လဲရပြန်သည်။ထိုအခါ ဒဏ်ရာရနေသော သမိန်ထော ကို ကယ်တင်ရန် သမိန်အဲနရဲ သည် ဗြတ်ကြီးဟူသည့်ဆင်ကို ထီးဖြူဖွင့်ကာ ကုန်းလယ်၊ နောက်ပဲ့နှင့် တကွ လွှတ်သော်လည်း ဘုရင့်နောင်၏ညီတော် မင်းရဲကျော်ထင်က ဆီးကြိုတိုက်သဖြင့် ဗြတ်ကြီးဆင်လှည့်ပြေးရသည်။

သမိန်ထောရာမလည်း အခြေအနေမဟန်သဖြင့် မြင်းဖြင့် ဟံသာ၀တီသို့ပြေးကာ ဟံသာ၀တီမြို့တွင်းမှ ခုခံရန် ကြံသည်။
သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာ၀တီတွင် မီးတိုက်ပြီးဖြစ်သဖြင့် ဟံသာ၀တီသို့ မ၀င်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဖက်သို့ပြေးလေတော့သည်။

သို့ဖြင့် ဟံသာ၀တီလည်း ဘုရင့်နောင်၏ လက်အောက်ရောက်လေသည်။ဘုရင့်နောင်မင်းကြီး ဟံသာ၀တီတွင် နန်းတက်၍ တစ်နှစ်ခန့်အကြာတွင် သမိန်ထောရာမ ကို ဇရွဲအုံနယ်မှ ကရင် ရွာသူကြီးက ဖမ်းဆီးကာ လာရောက်ဆက်သည်။

အချို့သောရာဇဝင်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် သီးနှံတို့ ဆယ်ဆပိုသီးသည်၊ အနာမှန်သမျှ ချက်ချင်းပျောက်သည်ဟု ဆိုသည်။

ထိုကြောင့် သမိန်ထောရာမသည် ဘုရင့်နောင်အားပရိယာယ်ဖြင့်အလစ်တွင်လုပ်ကြံနိုင်ရန်မိမိဒူးကို ကိုယ်တိုင်ပြန်ချိုးကာ ကရင်သူကြီးထံ ဟန်ဆောင်အဖမ်းခံခြင်းဖြစ်သည်ဟုဆိုကြသည်။

နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာယ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။ သို့သော် နတ်တို့ပေးထားသောဂါထာသည်ဘုန်းကံကြီးသောဘုရင့်နောင်ရှေ့တွင်အစွမ်းမထက်တော့ချေ။

ဂါထာအစွမ်းမပြ၍ဒူးပြန်မဆက်သဖြင့် သမိန်ထောကငိုယိုကြောင်းဆိုကြသည်။ ဘုရင့်နောင်မင်းတရားသည်ရန်ငြိုးရန်စ မထားလိုသည့်အလျောက်သမိန်ထောရာမကိုကွပ်မျက်လိုက်လေတော့သည်။

Credit

Add a Comment

Your email address will not be published.